27 April, 2018

ရခိုင်ပြည်အရေး မြန်မာရင်ဆိုင်ရမယ့် ရှေ့တန်း စာမျက်နှာသစ် လယ်ရီဂျေဂင်/ဘန်ကောက်ပို့စ်

ရခိုင်ပြည်နယ်ထဲက လူမျိုးရေးဆိုင်ရာ တင်းမာမှုတွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ဖိအားတွေ ပိုမိုတိုးမြှင့်ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ ၁၂လကျော်က ဖြစ်ပွားခဲ့တဲ့ မမျှော်လင့်ဖွယ်ရာ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် ၇သိန်းကျော် ထွက်ပြေးသွားခဲ့ရပါတယ်။
အခုလာမယ့် သီတင်းပတ်အကုန်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဆင့်မြင့် ထိပ်တန်းအဆင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ အလည်အပတ်ခရီးစဉ်ကြောင့် လူသားချင်းစာနာရမယ့် အကြပ်အတည်းဟာ နိုင်ငံတကာ ရဲ့ အာရုံစိုက်မှုကို ခံရဖွယ်ရှိနေပါတယ်။ အဖွဲ့ဝင် ၁၅ယောက်ပါဝင်မယ့် လုံခြုံရေးကောင်စီရဲ့ ထူးခြားတဲ့ ခရီးစဉ်မှာတော့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး၊ ပြန်လည် ရင်ကြားစေ့ရေး နဲ့ ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်ကို ပြန်လာမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက်ထားမှုတွေ ကို ကနဦးကိုယ်တိုင် လေ့လာမှာဖြစ်ပါတယ်။ မြန်မာပြည်ကို ဒီကိုယ်စားလှယ်အဖွဲ့မလာခင်မှာ ဘင်္ဂလာ့း ဒ့ရှ်နိုင်ငံ ကောက်ဘဇားက ဒုက္ခသည်စခန်းကိုလည်း ၂ရက်ကြာ သွားရောက်မှာပါ။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်က လုံခြုံရေးကောင်စီ ဥက္ကဌတာဝန်ယူထားတဲ့ ပီရူးကိုယ်စားလှယ်ဟာ ဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုင်ရာ အမြဲတမ်းအဖွဲ့ဝင် တွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ရုရှ၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတို့က အမြဲတမ်းနဲ့ အမြဲတမ်းလက်ထောက် ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ကျန်ကိုယ်စားလှယ်အဖွဲ့ဝင်တွေမှာတော့ ဘိုလီးဗီးယား၊ အီကွေတိုရီရယ် ဂီနာ၊ အီသီယိုးပီးယား၊ ကာဇတ်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပိုလန်၊ ဆွီဒင်နဲ့ အိုင်ဗရီကို့စ်နိုင်ငံတွေက ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ သူတို့တွေကတော့ ၂နှစ်သက်တမ်းအတွက် လုံခြုံရေးကောင်စီမှာ တာဝန်ပေးထားတဲ့ အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့သူတွေဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ကျရင် မြို့တော် နေပြည်တော်ကို ရောက်လာမယ့် ဒီလုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ စစ်တွေကိုသွားပြီး ဒေါက်တာကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
တစ်နှစ်လောက် စုံစမ်းလေ့လာပြီးတဲ့နောက်မှာတော့ ဒေါက်တာကိုဖီအာနန်ရဲ့အကြံပေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်မှာ အစီရင်ခံထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ပြီးချိန်မှာ ဒုက္ခသည် ၇သိန်းကျော် ထွက်ပြေးစေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီး ပေါ်ထွက်လာခဲ့ပေမယ့်လည်း ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်မှာ အကောင်အထည်ဖော်လုပ်ဆောင်ရမယ့် အစီရင်ခံစာပါ တွေ့ရှိချက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာပါတော့တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ရခိုင်ပြည်နယ် အနာဂတ်အတွက် လမ်းပြမြေပုံဖြစ်တဲ့ ဒီအစီရင်ခံကို အသိအမှတ်ပြုထောက်ခံခဲ့ပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဒီသီတင်းပတ် လာရောက်လည်ပတ်မှုဟာ ဒေါက်တာကိုဖီအာနန် အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်တွေ့အကောင်အထည်ဖော်နေတယ်ဆိုတဲ့ နိုင်ငံတကာကို ပြသနိုင်မယ့် မြန်မာပြည်အတွက် အခွင့်အလမ်းကြီးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်ကိုယ်တိုင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အကောင်အထည်ဖော်ဖို့ ထောက်ခံရေးအတွက် လုံခြုံရေးကောင်စီကို ရှင်းလင်းတင်ပြမှုတွေ လုပ်အပြီးမှာ ဒီအကြံပြုချက်တွေကို လက်ခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။
“မြေပြင်မှာ လက်တွေ့တကယ်ဖြစ်ပျက်နေတာတွေကို သူတွေမြင်တွေ့သွားမှာပါ။ နိုင်ငံရေးအရရော စာနာနားလည်မှုအရတော့ ရနေပါပြီ”လို့ ဒီအစီရင်ခံစာ အကောင်အထည်ဖော်ရေးမှာ ပါဝင်နေတဲ့ တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။ “ပြန်လည်ကြိုဆိုလက်ခံရေးစခန်း ၃ခုနဲ့ ကြားခံ စခန်းတွေကို သူတို့သွားကြည့်ကြမှာပါ။ ပြီးတော့ ပြန်လာမယ့်သူတွေအတွက် ဆောက်လုပ်နေတဲ့ ကျေးရွာ ၃ရွာကိုလည်း သွားဦးမယ်ထင်တယ်”
ဒီနှစ်အစောပိုင်းတုန်းကတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား ဘင်္ဂလားဒေ့ရှ်ဘက်မှာ ယာယီ စခန်း ၅ခုထားဖို့နဲ့ မြန်မာဘက်က လက်ခံရေးစခန်း ၂ခုထားဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီစခန်း ၂ခုကတော့ တောင်ပြိုလက်ဝဲနဲ့ ငါးခူးရရွာတွေမှာဖြစ်ပါတယ်။ မောင်တောက လှဖိုးခေါင်ရွာမှာတော့ ကြားခံစခန်းတစ်ခုထားပြီး ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနေထိုင်ရမယ့် နေအိမ်တွေ ဆောက်လုပ်လို့ မပြီးခင်မှာ ယာယီနေထိုင်ရမှာပါ။
ဒုက္ခသည်တွေ ပြန်လည်ကြိုဆိုလက်ခံရေးကို ဇန်နဝါရီလတုန်းက စတင်ခဲ့ပေမယ့် နှောင့်နှေးခဲ့ပါတယ်။ ဒါပေ မယ့် ဒီကိစ္စဟာ တစတစနဲ့ တိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့လတွေကတော့ ဒုက္ခသည် ၈ထောင်ကျော်ဟာ စာရွက်စာတမ်းတွေဖြည့်ပြီး ပေးပို့ခဲ့ပါတယ်။ အဲဒီအထဲကမှ တစ်ထောင်မပြည့်တပြည့်လောက်ပဲ အတည်ပြုနိုင် ခဲ့ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ အဆိုအရတော့ ရခိုင်ပြည်နယ်ကို ပြန်လာဖို့အတွက် ဖောင်တွေလျှောက်ထားဖြည့်စွက်ရာမှာ ပိုမိုတိတိကျကျ ဖြစ်ရေး အတွက် ပြသနာရှိနေတယ် ဆိုတာပါပဲ။
ကုလသမဂ္ဂအဖွဲ့ မြေပြင်ကိုလာရောက်စစ်ဆေးတဲ့အခါမှာတော့ ပြသနာတွေအားလုံး ပြေလည်သွားမှာမဟုတ်ပါဘူး။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပေမယ့် မြန်မာနဲ့ကုလသမဂ္ဂကြားမှာ ဒုက္ခသည်ဆိုင်ရာ သဘော တူညီချက် မရှိသေးပါဘူး။ နှစ်ဖက်ကြား ဒီအတွက် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် ယူအန်ဒီပီနဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာကြမ်းတစ်ခုအတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်။ ဒီစာချွန်လွှာကို မြန်မာဘက်က တင်းတင်းကြပ်ကြပ် တည်းဖြတ်ပြင်ဆင်နေပြီး ကုလသမဂ္ဂအဖွဲ့အစည်းဘက်က လက်မခံနိုင်တဲ့ အချက်အလက်တွေ ပါဝင်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စမှာ ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်ချင်နေပါတယ်။ ကုလသမဂ္ဂပါဝင်မှုဟာ ပြေလည်စေရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း နားလည်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒေါက်တာကိုဖီအာနန်ရဲ့ အကြံပေးချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်မယ်ဆိုရင် ကုလသမဂ္ဂပါဝင်မှုဟာ မဖြစ်မနေဖြစ်ရမယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။
မြန်မာနိုင်ငံဟာ အထီးတည်း ခရီးဆက်လို့မရနိုင်ပါဘူး။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတော့ လိုနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂဟာ မြန်မာအစိုးရနဲ့ (ဒေါ်အောင်ဆန်းစုကြည်နဲ့) တွေ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြုံရှိတဲ့ နိုင်ငံခြား အကြံပေးတစ်ယောက်ကို တာဝန်ပေးဖို့ အခုအချိန်ဟာ အချိန်ကောင်းပါပဲ။ ဒီအကြံပေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာကြား ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ ပြသနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လုံခြုံရေးကောင်စီက အခုခရီးစဉ်မှာ ကူညီပေးနိုင်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဂျာမဏီဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်စတင်း ဘာဂါနာကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂နှစ်လောက် လစ်လပ်နေတဲ့ နေရာတစ်ခုဖြစ်ပြီး လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်အရေး ဖိအားပေးဖို့အတွက် တစ်ယောက်ယောက်ကို ခန့်အပ်တာဝန်ပေးဖို့ ပြီးခဲ့တဲ့ ၆လလောက်ကမှ ဖိအားတွေပေးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာတွေ ထွက်လာပြီးချိန်မှာ အခုလို တာဝန်ပေးဖို့ဖြစ်လာပါတယ်။
အထူးကိုယ်စားလှယ်သစ်ဟာ ကုလသမဂ္ဂနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့အတွက် ဆောင်ကြဉ်းပေးနိုင်သူ ဖြစ်ကောင်းဖြစ်လာပါမယ်။ အနည်းဆုံးတော့ လတ်တလောမှာ ဒုက္ခသည်တွေ ဘေးမသီရန်မခဘဲ နေရပ်ပြန်လာနိုင်ပြီဆိုရင် ဒီလိုကြားဝင်မှုဟာ မရှိမဖြစ်လိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ရေရှည်ပြသနာတွေကိုတော့ မြန်မာပြည်အနေနဲ့ သူ့ဟာသူ ဖြေရှင်းခွင့် ပေးလိုက်သင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တက်လာခဲ့ပြီး ဒီမိုကရေစီအစိုးရ အာဏာယူခဲ့ပေမယ့်လည်း ကုလသမဂ္ဂဟာ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ၂နှစ်အတွင်း သဘောထားခပ်မာမာပဲ တုန့်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေ လက်ခံနိုင်မယ့် လက်တွေ့ကျတဲ့ ထောက်ခံအားပေးမှုကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။
ရခိုင်ပြည်နယ် ပြသနာတွေအပြင် မြန်မာအစိုးရဟာ ကချင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားဒေသတွေမှာလည်း စစ်ရေးဆိုင်ရာ ပြသနာတွေနဲ့ပတ်သက်တဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ မြန်မာနဲ့ ကုလသမဂ္ဂ ပူးပေါင်းလက်တွဲမှုဟာ အားလုံးအတွက်တော့ အကျိုးရှိစေမှာ သေပါတယ်။    ။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.