28 March, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားတွင် ပြောကြားသည့် မိန့်ခွန်း


ရန်ကုန်၊ မတ် ၂၃
ယနေ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ကြွရောက်လာကြတဲ့ ပရိသတ် အားလုံးကို ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်မဒီအခမ်းအနားကို တက်ရတဲ့ အကြောင်းလေးက ရိုးရိုးလေးပါပဲ။ ကျွန်မတို့ကို အများကြီး ကူညီခဲ့တဲ့ တချို့ရုပ်ရှင်သရုပ်ဆောင်တွေက ကျွန်မတို့က အစိုးရဖြစ်မှ သူတို့ကိုပစ်ထားတယ်လို့ ပြောတယ်ဆိုတာ ကျွန်မကြားရပါတယ်။ အဲဒီတော့  ပစ်ထားတာမဟုတ်ပါဘူးဆိုတာ ပြချင်လို့ ကျွန်မ တက်တာပါ။ အချိန်အရ၊ အလုပ်တွေအရသာ ကျွန်မဒီဘက်ကို လှည့်မကြည့်ဖြစ်တာပါ။ ရုပ်ရှင်ပညာကို ကျွန်မ အများကြီးတန်ဖိုးထားတယ်။
ရုပ်ရှင်လောကဟာ ကျွန်မတို့ နိုင်ငံအတွက် အမျိုးမျိုးဘက်စုံကနေ သရုပ်ဆောင် နေကြတဲ့ ရုပ်ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင်အနုပညာရှင်များ အားလုံးကို ကျွန်မတန်ဖိုး ထားပါတယ်ဆိုတာ ကျွန်မဒီနေရာကနေ ပြောချင်ပါတယ်။ ကျွန်မတို့နိုင်ငံကို အင်မတန်မှ တိုးတက် စေချင်တယ်၊ ဖွံ့ဖြိုးစေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်။ တစ်နေ့ထက်တစ်နေ့ ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံကြီးဖြစ်လာစေချင်တယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုဟာ ကမ္ဘာ့မှာ တခြားလူတွေက တအံ့တသြချီးမွမ်းရတဲ့ ပြည်ထောင်စုမျိုး၊ အင်မတန်မှ ငြိမ်းချမ်းတယ်၊ အင်မတန်မှ ပြည်သူတွေ ညီညွှတ်တယ်၊ တိုးတက်တယ်ဆိုတဲ့ ပြည်ထောင်စုမျိုးဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့ ရုန်းကန်တဲ့အခါမှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ရတယ်ဆိုတာ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ အားလုံးသိပြီးသားပါပဲ။
ဒီတော့ ကျွန်မတို့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဆိုရင် အားလုံးအတူတူ ဝိုင်းပြီး ရုန်းဖို့ လိုပါတယ်။ အခုဆိုရင် ဖျော်ဖြေရေးလောကကို တချို့ကနေပြီး Soft Power ၊ အပျော့အင်အားလို့ဆိုပြီး ပြောတာရှိပါတယ်။   အပျော့အင်အား၊ အင်အားပျော့ဆိုတာ ထက် ကျွန်မ သိမ်မွေ့တဲ့ အင်အားလို့ ဒီလိုမြင်ချင်ပါတယ်။ သိမ်မွေ့တဲ့အင်အားနဲ့ ကျွန်မ တို့ နိုင်ငံကို ဘယ်လိုကူညီမလဲဆိုတာ ရုပ်ရှင် လောကမှာ ရှိတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ အားလုံးစဉ်းစားစေချင်ပါတယ်။ ဘယ်လိုနည်းနဲ့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းအောင်လို့၊ ညီညွှတ်အောင်လို့၊ တိုးတက်အောင် လုပ်ကြမလဲ။ သိမ်မွေ့တဲ့ အင်အားကို ကျွန်မတို့ ဘယ်လိုသုံးမလဲ။ အင်အားဆိုတာ သုံးတတ်မှ အကျိုးရှိတာပါ။ အင်အားကို အလွဲသုံးစားလုပ်ရင် ထိခိုက်မှုသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ရုပ်ရှင်လောကက ပြည်သူပြည်သားများ အားလုံးဟာ သိမ်မွေ့တဲ့ ပညာကို သိမ်မွေ့တဲ့ အင်အားဖြစ်အောင်လို့ သုံးစေချင်ပါတယ်။ သိမ်မွေ့တဲ့ အင်အားဆိုတာ အခု ကမ္ဘာကြီး မှာ  လောဘ၊ ဒေါသ၊ မောဟတွေက အင်မတန်များတယ်။ ဒါကတော့ ပုထုဇဉ်လူသား များရဲ့  သဘာဝအရ၊  ဒါပေမယ့် အခုခေတ်ကမ္ဘာကြီးမှာ ဒီလိုဒေါသတွေ၊ အမုန်းတရား တွေဟာ ပိုပြီးတော့မှ ပွားနေတယ်ဆိုတာ မြင်ရပါတယ်။
ဒါတွေကို ကျွန်မတို့အနေနဲ့ ဘယ်လိုကြံကြံခိုင် ခံမလဲ။ ဘယ်လိုကျော်လွှားနိုင် မလဲ။ ကျွန်မတို့နိုင်ငံက တခြားနိုင်ငံတွေနဲ့မတူဘဲ မေတ္တာ၊ ဂရုဏာပွားအောင် ဘယ်လို လုပ်မလဲဆိုတာ ကျွန်မတို့ရဲ့ အနုပညာရှင်များကို စဉ်းစားစေချင်ပါတယ်။ ကျွန်မက တော့ ဆန္ဒရှိရင် လမ်းစပေါ်မှာပဲ။ လုပ်ကို လုပ်လို့ရရမယ်။ ကျွန်မတို့ နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူရဘူး။ တခြားနိုင်ငံတွေထက် ပိုပြီးတော့သိမ်မွေ့ရမယ်။ ကျွန်မတို့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်၊ ကျွန်မတို့ရဲ့ တုံ့ပြန်မှုဟာ အဆင့်အတန်းရှိရမယ်၊  မှန်ကန်ရမယ်၊  ယဉ်ကျေးရမယ်၊  ယဉ်ကျေးသိမ် မွေ့မှုအတွက်ဆိုတာ ကျွန်မတို့ရဲ့ အနုပညာရှင်တွေဟာ  အင်မတန်မှ အရေးပါပါတယ်။ အခုခေတ်မှာ  ရုပ်ရှင်လောကကို  လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးကဏ္ဍကတော့ မရှိဘူးလို့ ကျွန်မပြောရင် မမှားဘူး  ထင်ပါတယ်။
ဒါကျွန်မ ရုပ်ရှင်လောကက ပရိသတ်ကို ပြောနေလို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ ကျွန်မ ယုံကြည်ချက် အရ ပြောတာပါ။ ရုပ်ရှင်များရဲ့ သြဇာ၊  လူသားများရဲ့ စိတ်အပေါ်မှာ လွှမ်းမိုးမှုက အင်မတန်မှ ကြီးပါတယ်။ အဲဒီဟာက သိမ်မွေ့တဲ့ အင်အားပါပဲ။ သိမ်မွေ့တဲ့ အင်အားကို မှန်မှန်ကန်ကန်သုံးပြီးတော့ ကျွန်မတို့ နိုင်ငံ အတွက်သာမဟုတ်ဘဲ ကျွန်မတို့ ကမ္ဘာကြီးအတွက်ပါ အကျိုးပြုစေချင်ပါတယ်။ ကျွန်မ စောစောက ပြောသလို  အရင်တုန်းက ကူညီခဲ့တဲ့ ရုပ်ရှင်လောကရဲ့ ၊  ကျွန်မတို့ရဲ့ သားတွေ၊ သမီးတွေ၊ အစ်ကိုတွေ၊ ညီမတွေအားလုံးကို  ကျွန်မတို့က လျစ်လျူရှုတယ်လို့ ပြောတာဟာ မဟုတ်ပါဘူးဆိုတဲ့ဟာလည်း ဆက်ချင်ပါတယ်။
ကျွန်မတို့ နိုင်ငံရေးလောကမှာလည်း ယဉ်ကျေးမှုဟာ အင်မတန်မှ အရေးကြီး ပါတယ်။ အနုပညာဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံရေးလောကမှာ မှန်မှန် ကန်ကန် လှုပ်ရှားဖို့အတွက် အနုပညာရှင်များရဲ့ ပံ့ပိုးမှုဟာ အင်မတန်မှ တန်ဖိုးရှိပါ တယ်။   ရိုးရိုးပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုင်ခဲ့တဲ့အထဲမှာ၊  နိုင်အောင် လုပ်ပေးတဲ့အထဲမှာ ရုပ်ရှင် လောကက ကျွန်မတို့ကို ထောက်ခံတဲ့ သားသမီးများရဲ့ ပံ့ပိုးမှုတွေ အများကြီးပါ ပါတယ်။ ဒါကျွန်မတို့ကို လျော့ပြီးတွက်လို့ မရပါဘူး။ ဒါကြောင့်   ကျေးဇူးတင်တယ်လို့ ကျွန်မ ပြောချင်ပါတယ်။
ကျွန်မတို့ ကျေးဇူးဆိုတာ မမေ့အပ်ပါဘူး၊  မေ့လည်းမမေ့ပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ရုပ်ရှင်လောကမှ သားသမီးများ ပါဝင်တဲ့ အနုပညာရှင်များ အားလုံး စိတ်ချမ်းသာအောင်လို့ အဖြစ်အပျက်လေးတစ်ခုကို ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်တဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတစ်ယောက်က  ရွေးကောက်ပွဲပြီးတဲ့အခါကျတော့ ဘယ်လိုပြော သလဲ ဆိုတော့ သူက သူရဲ့ မဲဆန္ဒနယ်ထဲမှာ ရွာလေးတွေ လိုက်ဆင်းတယ်ပေါ့။ ရွာလေးတွေ လိုက်ဆင်းတော့ ရွေးကောက်ပွဲ မတိုင်မီ နှစ်ပတ်လောက်မှာ ရွာအသေး ဆုံးလေးမှာတောင်မှ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဗွီဒီယိုအခွေကို တွေ့တဲ့ အခါကျတော့ ငါတို့တော့ ရှုံးပြီဆိုတာ  သိတယ်လို့ သူက ပြောပါတယ်။ အဲဒါက ရုပ်ရှင် လောကရဲ့ သြဇာကို ဖော်ပြတာပါ။ ဒီအခွေလေးက ရွာလေးတွေအထိ ရောက်နေပြီဆိုရင်တော့ ဘယ်လောက် အနုပညာရဲ့ သြဇာဟာ လွှမ်းမိုးသွားမလဲ၊  နိုင်ငံရေးအတွက် ဘယ်လောက် ပံ့ပိုးမှုရှိသွားမလဲဆိုတာကို ဒါဟာ သက်သေထူတာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောက က အနုပညာရှင်များဟာ ကျွန်မတို့ နိုင်ငံရဲ့ သားသမီးများပဲ။ နိုင်ငံ့သားသမီးများဟာ နိုင်ငံကို တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးရမယ်။ သားသမီးများက မိဘကို ပံ့ပိုးသလို၊  နိုင်ငံကလည်း ပြန်ပြီးတော့ သားသမီးများကို ပံ့ပိုးသလို ကျွန်မတို့ရဲ့ ရုပ်ရှင်လောကအနုပညာရှင်များကို ပံ့ပိုးဖို့လိုပါတယ်။
ဖွင့်ပွဲကို ကျွန်မ မလာခင်မှာ ဆရာဇင်ဝိုင်းနဲ့ တခြားရုပ်ရှင်လောကမှ  ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့ ဘယ်လောက် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ပညာ တိုးတက် အောင်လို့၊ ရုပ်ရှင်အဆင့်အတန်းတိုးတက်အောင်လို့ အစိုးရ အနေနဲ့၊ နိုင်ငံတော်အနေနဲ့ ကူဖို့ လိုသေးတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။ အဲဒါလည်း ကျွန်မ တတ်နိုင် သမျှ လုပ်ပါမယ်ဆိုတာ ကျွန်မ ရဲရဲဝံ့ဝံ့ ပြောပါတယ်။ ကျွန်မတို့ဟာ နည်းပညာအရ၊ အရည်အချင်းအရ လိုအပ်တဲ့ ပစ္စည်းပစ္စယ အရာအားလုံး တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးပါ့မယ်။ တခါတည်းမှာပဲ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါရစေ။ ရုပ်ရှင်လောကကို အားပေးကြပါ။ အားပေးတဲ့ အခါမှာ အကျိုးအမြတ်မဟုတ်ဘဲ နိုင်ငံ့အတွက်ဆိုတဲ့ စိတ်နဲ့ အားပေးကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံဟာ မချမ်းသာသေးဘူး။ မချမ်းသာ သေးဘူးလို့ ပြောတာနော်။ တစ်နေ့တချိန်တစ်ခါမှာ ချမ်းသာရမယ်လို့ တကယ့်ကို ယုံကြည်ပါတယ်။ မချမ်းသာသေးတဲ့အချိန်မှာ နိုင်ငံ့ရဲ့ ပံ့ပိုးမှုဟာ အတိုင်းအတာတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုပေါ့နော်။ ကျွန်မတို့ရဲ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း ဝိုင်းပြီး ပံ့ပိုးပေးကြပါ။ အကျိုးအမြတ် အတွက်မဟုတ်ဘဲ စေတနာအရ၊ ဝါသနာအရ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ရုပ်ရှင်လောကမှ အနုပညာရှင်များအားလုံးကိုလည်း အားမငယ်စေ ချင်ပါဘူး။ ကျွန်မတို့ရဲ့ အနုပညာရှင်တွေရဲ့ အရည်အချင်းဟာ မနည်းပါဘူး။ ကိုယ့်မှာ တတ်နိုင်တဲ့ နည်းလေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်ဆိုတာ ကျွန်မနား လည်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ ကိုယ်ကိုကိုယ့် ယုံကြည်မှုရှိမှ အောင်မြင်နိုင်မှာပါ။ ကျွန်မတို့ရဲ့ ရုပ်ရှင်လောကက အနုပညာရှင်များ အားလုံးကို ယုံကြည်မှု အပြည့်အဝ ရှိစေချင်ပါတယ်။ ကျွန်မတို့ ရုပ်ရှင်လောက ဟာ ကမ္ဘာကို လွှမ်းအောင် မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။ တခြားအရှေ့တိုင်းက တချို့ နိုင်ငံတွေက ဒီ သူတို့ကတော့ ပြောရမယ်ဆိုရင် Entertainment Industry ပေါ့။ ဖျော်ဖြေရေး လုပ်ငန်းတွေဟာ ဘယ်လောက်အောင်မြင်သလဲဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့လည်း ဒီလိုပဲ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဖျော်ဖြေရေး လုပ်ငန်းတွေက တစ်ဆင့် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကမ္ဘာသိအောင်လို့၊ ကမ္ဘာကနေ နားလည်လေးစားအောင်လို့ လုပ်နိုင်တဲ့ အခွင့်အရေး တွေ အများကြီးရှိပါတယ်။ အဲဒီလိုလုပ်ပေးနိုင်မယ်ဆိုရင် ဒါကျွန်မတို့ နိုင်ငံကို တကယ့် ကို အခုခေတ်အတွက် မဟုတ်ဘူး၊ ခေတ်အဆက်ဆက် အတွက် ပံ့ပိုးရာ ရောက်ပါ လိမ့်မယ်။
ကျွန်မတို့ နောင်မျိုးဆက်တွေကလည်း ဂုဏ်ယူနိုင်အောင်လို့၊ နောင်မျိုးဆက် တွေ တစ်ဆက်ပြီး တစ်ဆက်၊   ကျွန်မတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကမ္ဘာကြီးက လေးစား အောင်လို့ ဘယ်တုန်းကနေပြီးတော့ ကျွန်မတို့ရဲ့ ရုပ်ရှင်ပညာရှင်များက စပြီးလုပ်ခဲ့တယ်ဆိုတာ စဉ်းစားပြီး ဂုဏ်ယူနိုင်အောင်လို့ ကြိုးစားစေချင်ပါတယ်။ ဒီလို ကြိုးစားရင် အောင်မြင်မယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးမယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း ပံ့ပိုးမယ်၊  ကျွန်မတို့ ပြည်သူပြည် သားများကလည်း ဝိုင်းပြီးတော့ ပံ့ပိုးဖို့ လိုပါတယ်။ ပြည်သူပြည်သားတွေကလည်း ဝိုင်းပြီးတော့ ပံ့ပိုးဖို့ အဆင်သင့်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သား တွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေကိုဆိုရင် အင်မတန်မှ ချစ်ခင်ကြပါ တယ်။ ချစ်ခင်ကြ တယ်၊  လေးစားကြတယ်၊  တန်ဖိုးထားကြတယ်၊  စံနမူနာအနေနဲ့ ကြည့်ကြတာရှိတယ်။
ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စံနမူနာထား လောက်အောင်လို့တော့ ဖြစ်စေချင်ပါတယ်။ ဒါဟာ ကျွန်မဒီလိုပြောခြင်းအားဖြင့် ကျွန်မက ရှေးရိုးဆန်ဆန်နေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ခေတ်နဲ့အညီ ကျွန်မတို့ အားလုံးပြောင်းရမယ်။ ဒါပေမယ့် ခေတ်နဲ့အညီပြောင်းတဲ့အခါ  ကျွန်မတို့ဟာ အဆင့်ရှိရှိနဲ့ ပြောင်းဖို့လိုပါတယ်။ ခေတ်နဲ့အညီပြောင်းကြပါ။ ရှေးကအတိုင်း ဘယ်လိုမှ ဆက်ပြီးတော့ နေလို့မရပါဘူး။ အဲဒီလိုပြောင်းတဲ့အခါမှာ အဆင့်မြင့်မြင့်ပြောင်းကြပါ။ ကိုယ်ကနေပြီးတော့ ဦးဆောင်လမ်းပြတဲ့လူအနေနဲ့ ပြောင်းကြပါ။ သူများတွေ နောက်လိုက်ပြီးတော့ ကောင်းတာမကောင်းတာ မဆင်မခြင်ဘဲနဲ့ လိုက်လုပ်တဲ့ ပုဂ္ဂိုလ်များအနေနဲ့ မပြောင်းကြပါနဲ့လို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။
ကျွန်မတို့ အားလုံးမှာ အရည်အချင်းရှိပါတယ်။ ပြောင်းရဲတဲ့သတ္တိရှိရမယ်။ ပြောင်းတတ်တဲ့ ပညာရှိရမယ်။   ကျွန်မတို့သည် ပြောင်းလဲခြင်းနဲ့ ကျွန်မတို့ နိုင်ငံကို အကျိုးပြုစေချင်တဲ့ စိတ်ဓာတ်တွေနဲ့လည်း ပြည်ဝဖို့လိုပါတယ်။ အဲဒီတော့ ကျွန်မတို့ ပြောင်းလဲချိန်တန်ပြီဆိုတာ တကယ်တော့ ပြောင်းလဲချိန်က ဘယ်တော့လဲဆိုတော့ နေ့တိုင်းပါပဲ။ နေ့တိုင်းနေ့တိုင်း ကျွန်မတို့လောကကြီးဟာ ပြောင်းလဲနေပါတယ်။ ကျွန်မတို့က ဒီလောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ နေ့တိုင်းနေ့တိုင်း ပြောင်းလဲဖို့လိုပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်ဖို့သာ အရေးကြီးတာပါ။
ကျွန်မအခုလို ရုပ်ရှင်လောကက ကျွန်မ တို့ရဲ့၊  နိုင်ငံရဲ့ သားသမီးများနဲ့ တွေ့ရတဲ့အခါမှာ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ရုပ်ရှင်တွေကိုလည်းပြန်ပြီးတော့ သတိရပါတယ်။ အဲဒီတုန်းကဆိုရင် အင်မတန်မှ ကျွန်မတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းဟာ မြင့်တယ်လို့ပဲ ဒီလိုပဲသတ်မှတ်ပါတယ်။ နိုင်ငံခြားကလာတဲ့ ရုပ်ရှင်တွေနဲ့ တန်းတူညီတူ ကျွန်မတို့ တန်ဖိုးထားခဲ့ပါတယ်။ အခုလည်း ဒီလိုပဲ ကျွန်မတို့ရဲ့ ပြည်သူပြည်သား များဟာ ကျွန်မတို့နိုင်ငံက ထုတ်တဲ့ ရုပ်ရှင်ကားများကို နိုင်ငံခြားက အင်မတန်မှ အကုန် အကျ စရိတ်ခံပြီးတော့ ထုတ်တဲ့ ရုပ်ရှင်ကြီးများနည်းတူ တန်းဖိုးထားတာ၊  နှစ်သက် တာ၊  မြတ်နိုးတာတွေကို ဖြစ်စေချင်ပါတယ်။ ဖြစ်အောင် လည်းလုပ်နိုင်မယ်လို့ ကျွန်မ တို့ ယုံကြည်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ ပြည်သူပြည်သားတွေက မှန်ကန်တဲ့လမ်းကို ရောက်အောင်လို့ အနုပညာရှင်များက နေပြီးတော့ မ , စ ရာရောက်ပါလိမ့်မယ်။ တချို့က အနုပညာဆိုတာ အနုပညာအတွက်ပဲ၊ လမ်းမှန်ဖို့၊ သီလရှိဖို့၊ အကျင့်ကောင်းဖို့ တို့ ဒါတွေအတွက် မဟုတ်ဘူးဆိုပြီးတော့ ပြောတဲ့ အနုပညာရှင်တွေ လည်းရှိပါတယ်။ ကျွန်မကတော့ လူလောကကြီးမှာ ဘာမှ ခွဲခြား ထားလို့မရဘူး၊ ကိုယ်လုပ်တဲ့ နိစ္စဓူဝ အလုပ်ဟာ အားလုံးနဲ့ ဆက်နွှယ်နေပါတယ်။ အနုပညာ ဟာ ဘ၀ရဲ့ တခြားကိစ္စရပ် တွေနဲ့ သီးသန့်ထားလို့မရပါဘူး၊ ဆက်နွှယ်နေပါတယ်။ ဒါကြောင့် အားလုံးကို တာဝန် သိစိတ်နဲ့ လုပ်စေချင်ပါတယ်။ ကျွန်မဘ၀မှာ အရေးကြီးဆုံး စကားလုံးတစ်လုံးက ဘာလဲဆိုရင် တာဝန်လို့ပဲ ကျွန်မ ပြောချင်ပါတယ်။
တာဝန်ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ လူတိုင်းလူတိုင်း က ကိုယ့်တာ ၀န် ကိုယ်ကျေမယ်၊ မိဘများဟာ မိဘတာဝန်ကျေမယ်၊ သားသမီးများဟာ သားသမီး တာဝန်ကျေမယ်၊ ဆရာများဟာ ဆရာတာဝန်ကျေမယ်၊ တပည့်များဟာ တပည့် တာဝန်တွေ ကျေမယ်၊ အနုပညာရှင်များဟာ အနုပညာရှင်ရဲ့ တာဝန်ကျေမယ်၊ ပရိသတ်တွေကလည်း ပရိသတ်တာဝန်ကျေမယ်ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံအတွက် ဘာမှလိုအပ်ချက်ရှိတော့မှာ မဟုတ်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူပြည်သားများနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဆိုတာဟာ ဘယ်နိုင်ငံမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။
ယခုခေတ်ကြီးမှာဆိုရင် အခွင့်အရေးကို အများကြီး ပြောကြတယ်။ တာဝန်ကို သိပ်မပြောကြဘူး။ ဒါဟာ ကမ္ဘာမှာဖြစ်နေတဲ့အခြေအနေ၊ ကျွန်မတို့ နိုင်ငံမှာ ထူးထူး ခြားခြား အခွင့်အရေးနဲ့တာဝန်ကို ညီညီမျှမျှ ထားပြီး  လုပ်သွားမယ် ဆိုရင် တစ်ခြား နိုင်ငံတွေထက် အများကြီးသာနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ပေမယ့်လည်း စိတ်ပိုင်း ဆိုင်ရာ အရသာနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ သာခြင်းအားဖြင့်လည်း  ရုပ်ပိုင်း ဆိုင်ရာအရ တိုးတက်မှုတွေနဲ့ ပိုပြီးတော့ တစ်ဆင့်နဲ့ တစ်ဆင့်တက်လာ အောင်လို့ လည်း ကျွန်မတို့လုပ်နိုင်ပါတယ်။  ကျွန်မတို့ရဲ့ အနုပညာရှင်များကို ကျွန်မ အခါအခွင့်ကြုံလို့ ပြောခွင့်ဆိုခွင့်ရတယ်ဆိုရင်  ဘယ်တော့မဆို ကိုယ့်ကိုကိုယ် တန်ဖိုးထားဖို့၊ ကိုယ်ရဲ့ပညာကို တန်ဖိုးထားဖို့၊ ကိုယ့်ရဲ့နိုင်ငံကို တန်ဖိုးထားဖို့ တိုက်တွန်းချင်ပါတယ်။
ကိုယ့်ကိုကိုယ်တန်ဖိုးထားဖို့က အဓိကပါ၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားနိုင်မှ တခြား   သူတွေကိုလည်း တန်ဖိုးထားနိုင်မှာ၊ ကိုယ့်ကိုကိုယ်တန်ဖိုး ထားပြီးတော့ ကိုယ့်ပညာကို တန်ဖိုးထားနိုင်မှ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးထားနိုင်မှာ၊  ကိုယ့်ပတ်ဝန်းကျင် ကလည်း ကိုယ့်ကိုတန်ဖိုးထားနိုင်မှာ ကျွန်မတို့ အားလုံးဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊  ကိုယ့်ရဲ့ မိခင်ကြီးသဖွယ်ဖြစ်တဲ့ ကိုယ့်ရဲ့နိုင်ငံတော်ကို တန်ဖိုးထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ၊ ဘယ်လိုအခက် အခဲတွေပဲ ကျော်လွှားရ၊  ကျော်လွှားရ၊ အားလုံး တစ်ညီတစ်ညွှတ်တည်း ဇွဲနဲ့ သတ္တိနဲ့ အမှန်တရားပေါ်မှာ ရပ်တည်ပြီးတော့ တိုးတက်နိုင်မယ်၊ အောင်မြင်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
ဒါကြောင့် ကျွန်မတို့ မြန်မာ့ရုပ်ရှင် လောကက ပရိတ်သတ်များအားလုံး မြန်မာ့ ရုပ်ရှင်လောကကို အားပေးနေကြတဲ့ ကျွန်မတို့ ပြည်သူ ပြည်သားများအားလုံးဟာ ဒီနေ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အခါသမယမှာ ကျွန်မတို့ ရုပ်ရှင် လောကထူးချွန်ပါစေ၊ အောင်မြင်ပါစေ၊ ဆတက်ထမ်းပိုးတိုးလို့ တိုးတက်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။
MSCO.
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.