23 December, 2017

ဂျေရုဆလင်မြို့ ​တော်​ အဖြစ် ​သတ်​မှတ်​မှု ကုလ ပယ်​ချ

ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိမှတ်ပြုပြီး အမေရိကန် သံရုံးကို ဂျေရုဆလင်ရွှေ့ပြောင်းဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ကြာသပတေးနေ့က တခဲနက် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။
ထောက်ခံမဲပေးကြတဲ့ နိုင်ငံပေါင်း ၁၂၈ နိုင်ငံရှိပြီး ပယ်ချတဲ့ အဆိုပြုချက်ကို လက်မခံတဲ့ နိုင်ငံတွေက အမေရိကန်နဲ့ အစ္စရေး အပါအဝင် ၉ နိုင်ငံရှိပြီး မဲမပေးပဲ ကြားနေခဲ့ တဲ့နိုင်ငံက ကနေဒါ အပါအဝင် ၃၅ နိုင်ငံ ရှိပါတယ်။
အမေရိကန်က အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ အနေနဲ့ လုပ်ပိုင်ခွင့်ရှိတာကို ကျင့်သုံးမှု အတွက် ဒ်ီတနိုင်ငံထဲ ကိုပဲ ရွေးပြီး အထွေထွေ ညီလာခံကြီးမှာ အတိုက်ခိုက် ခံရတာမို့ ဒီနေ့ကို အမေရိကန် ပြည်ထောင်စုက ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း မဲမပေးခင် မှာပဲ လူအပြည့်ရှိနေတဲ့ ခန်းမကြီးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂကို ကမ္ဘာမှာ ရန်ပုံငွေ အများဆုံး ထည့်ဝင်တဲ့ အမေရိကန် နိုင်ငံအနေနဲ့ နောက်တခါ ရန်ပုံငွေတောင်း ခံတဲ့ အခါနဲ့ နိုင်ငံတွေ အနေနဲ့ အမေရိကန်ကို လာရောက် အကူအညီ တောင်းခံလာရင်လည်း ဒီနေ့ ဖြစ်ရပ်ကို အမှတ်ရ နေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး Danny Danon ကလည်း ဒီကနေ့ အဆိုပြုချက်ကို ထောက်ခံ ကြသူတွေဟာ ပါလက်စတိုင်းတွေရဲ့ ကြိုးဆွဲရာကတဲ့ ရုပ်သေးတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီဂျစ်က ကမကထ ပြု တင်သွင်းခဲ့တဲ့ မူကြမ်းကို ဆွေးနွေးရေးအတွက် ကြာသပတေးနေ့ အထွေထွေ ညီလာခံ အရေးပေါ် ညီလာခံ ခေါ်ယူဖို့ ပါလက်စတိုင်းက တောင်းဆိုခဲ့တာပါ။ တနင်္လာနေ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့တဲ့ အခုဆုံးဖြတ်ချက်နဲ့ ထပ်တူ နီးပါး တူညီတဲ့ အဆိုပြုချက် တရပ်ကို အမေရိကန်က ဗီတို အာဏာသုံး ပယ်ချခဲ့ အပြီးမှာ အခုလို အရေးပေါ် ညီလာခံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.