10 April, 2017

ဆီးရီးယားကို ဆက်တိုက်လျှင် အင်အားဖြင့် တုန့်ပြန်မည်ဟု အမေရိကန်ကို အီရန်နှင့် ရုရှား သတိပေး

ဧပြီ ၉၊ ၂၀၁၇
M-Media
ရုရှား ရေတပ်သင်္ဘောတစ်စီး

– ဆီးရီးယားကို အမေရိကန်က ဆက်လက်တိုက်ခိုက်နေလျှင် မိမိတို့က စစ်အင်အားဖြင့် တုန့်ပြန်သွားမည်ဟု​ ရုရှားနှင့် အီရန်တို့က ယနေ့တွင် ပြောကြားလိုက်သည်။
“အမေရိကန်က ဆီးရီးယားမှာ ကျူးကျော်မှုလုပ်တာဟာ စည်းဖောက်လိုက်တာပါ။ အခုအချိန်ကစပြီး စည်းထပ်ဖောက်သူ ဘယ်သူ့ကိုမဆို၊ ကျူးကျော်သူ ဘယ်သူ့ကိုမဆို ကျွန်တော်တို့အနေနဲ့ စစ်အင်အားနဲ့ တုန့်ပြန်သွားမှာပါ။ ကျွန်တော်တို့ ကောင်းကောင်း တုန့်ပြန်နိုင်တယ်ဆိုတာ အမေရိကန်ကလည်း သိပါတယ်” ဟု ရုရှားနှင့် အီရန်တို့၏ စစ်ဌာနချုပ်မှ ပူးတွဲထုတ်ပြန်သော ကြောငြာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က အစ်ဒလစ်ပြည်နယ်၌ ဆီးရီးယားအစိုးရတပ်က ပြုလုပ်သော လေကြောင်း တိုက်ခိုက်မှုတွင် ဓာတုလက်နက် အသုံးပြုသည်ဟုဆိုကာ အမေရိကန်က သောကြောနေ့ မနက်အစောပိုင်း တွင် ဆီးရီးယား လေတပ်စခန်းတစ်ခုကို ခရုဇ်ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ်သည့် ရုရှားက ထိုတိုက်ခိုက်မှုမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်မှုဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရန်ကလည်း ထိုလုပ်ရပ်ကို ကန့်ကွက်ခဲ့သည်။
ရုရှားနှင့် အီရန်တို့၏ ကြေငြာချက်တွင် အမေရိကန်၏ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုက ဆီးရီးယားအား လွတ်မြောက်ရေး မိမိတို့၏ ကူညီမှုကို အဟန့်အတား ဖြစ်စေမည်မဟုတ်ဘဲ၊ ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အမေရိကန်စစ်တပ် တည်ရှိနေမှုမှာ တရားမ၀င် ကျူးကျော်သိမ်းပိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။
ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးကမူ ဆီးရီးယားကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်တို့အပေါ် ပိတ်ဆို့မှုများပြုလုပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေသည်ဟု CNN နှင့် ယနေ့အင်တာဗျူးတွင် ပြောကြားခဲ့သည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.